98.The Evidence

  1. ရှေးကျမ်းရပုဂ္ဂိုလ်များနှင့် အရှင်မြတ်မှလွဲ၍ အခြားသော သက်ရှိသက်မဲ့များကို အရှင့်ပြိုင်ဘက်ကိုးကွယ်ရာအဖြစ် အယူထားကိုးကွယ်ကြသူတို့အနက်မှ ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်ကို မယုံကြည်ငြင်းပယ်ကြသောသူတို့သည် သူတို့ထံ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များပါဝင်သည့် ရှင်းလင်းချက်များ ရောက်လာသည်အထိ (သူတို့၏မိရိုးဖလာယုံကြည်မှုနှင့်) မိစ္ဆာဒိဌိအား လိုက်နာနေခြင်းအား အလျှင်း စွန့်လွှတ် ပစ်ပယ်ခဲ့ကြသည် မဟုတ်ပေ။
  2. အလ္လာဟ်အရှင်မြတ်၏ထံတော်မှ (တာဝန်ဖြင့်ခန့်အပ်တော်မူခဲ့ပြီး) သတင်းတော်ဆောင် ရစူလ်တမန်တော်သည် (ရုပ်နာမ်ဆိုင်ရာ လမ်းလွဲမှု၊ မိရိုးဖလာယုံကြည်မှုနှင့်မိစ္ဆာဒိဌိအားလုံးမှ) စင်ကြည်သန့်ရှင်းသော (သွန်သင်ချက်များ ပါဝင်သည့် ကျမ်းစာ၏) စာမျက်နှာများကို ပို့ချရန် ဖတ်ကြားလေ၏။
  3. ယင်း (ကျမ်းစာ) ၌ (ယုံကြည်မှု၊ အတွေးအခေါ်နှင့်လုပ်ရပ်တို့နှင့်စပ်လျဥ်းသော) တိကျမှန်ကန် မြဲမြံတည် တံ့သည့် ကျမ်းစာများပါဝင်၏။
  4. သို့ရာတွင် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များပါဝင်သည့် ရှင်းလင်းချက်များ ရောက်လာပြီးနောက်တွင်မှအပ ကျမ်းတော်ချမှတ်ပေးအပ်ခြင်းခံရသူတို့သည် (ဂိုဏ်းဂဏ အမျိုးမျိုးဖြင့်) သဘောကွဲကြသည် မဟုတ်ချေ။
  5. အရှင့်ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အတွက် အလ္လာဟ်အရှင်မြတ်ကိုသာ စိတ်ရင်းစေတနာဖြူစင်စွာဖြင့် နာခံကိုးကွယ်ရန်၊ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်ရန်နှင့်ဇကာသ် (တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် စွန့်လှူပေးကမ်းရသော လူမှုဖူလုံကြေး) ကို ပေးဆောင်ရန်မှအပ (အခြားမည်သည့်) အမိန့်တော်ကိုမျှ လမ်းညွှန်တော်မူခြင်းခံကြရသည် မဟုတ်ပေ။ (အရှင့်ဒီန်လမ်းစဉ်တော်သည်) ထိုသို့ပင် တိကျမှန်ကန် မြဲမြံ တည်တံ့သည့်လမ်းစဥ်တော်ပင် ဖြစ်၏။
  6. ဧကန်ပင်၊ ရှေးကျမ်းရပုဂ္ဂိုလ်များနှင့် အရှင်မြတ်မှလွဲ၍ အခြားသော သက်ရှိသက်မဲ့များကို အရှင့်ပြိုင်ဘက် ကိုးကွယ်ရာအဖြစ် အယူထားကိုးကွယ်ကြသူတို့အနက်မှ ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်ကို မယုံကြည် ငြင်းပယ်ကြသောသူတို့သည်ကား ငရဲဘုံ၏မီးထဲ၌သာ အမြဲထာဝစဉ် နေထိုင်ခံစားကြရသူများ ဖြစ်ကြ၏။ ထိုသူတို့သည်ပင် အဆိုးဝါးဆုံးသော သက်ရှိသတ္တဝါများ ဖြစ်ကြ၏။
  7. သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ခဲ့ကြသော သူတို့သည်ကား ဧကန်မလွဲ၊ သက်ရှိသတ္တဝါများတို့တွင် အကောင်းဆုံးသောသူများပင် ဖြစ်ကြ၏။
  8. သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ (ရှိနေသော) သူတို့အတွက် ဆုလဒ်သည် အောက်ခြေတွင် စိမ့်စမ်းရေသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များနှင့်ထိုဥယျာဉ်ထဲ၌ အစဉ်ထာဝရကာလအကန့်အသတ်ဖြင့် နေထိုင်စံမြန်းခွင့်ပင် ဖြစ်၏။ နေထိုင်ကြရမည့် ဥယျာဉ်များပင် ဖြစ်ကြကုန်၏။ ထိုဥယျာဉ်များ၏အောက်မှ ရေချောင်းများသည် တသွင်သွင် စီးတွေလျက် ရှိကြပေမည်။ (သူတို့သည်) ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင် စံမြန်းကြရပေမည်။ အလ္လာဟ်အရှင်မြတ်သည် (သူတို့၏ ပြုမူကျင့်ကြံမှုနှင့်အတူ) အားရကျေနပ်တော်မူပြီး သူတို့ကလည်း အရှင်မြတ် (၏အမိန့်ပညတ်ချက်များကို တစ်သဝေမတိမ်း လိုက်နာရခြင်း) အား သဘောကျမြတ်နိုးကြ၏။ သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို ကြောက်ရွံ့ရိုသေသူအတွက် ထိုနည်းအတိုင်းပင် ဆုလဒ်များ ရှိစေတော်မူမည် ဖြစ်၏။