96.The Clot

  1. (အို၊ ရစူလ်တမန်တော်) အသင်သည် (အရာခပ်သိမ်းတို့အား) ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ဂုဏ်တော်နာမတော်ဖြင့် ရွတ်ဖတ်လော့။
  2. ထိုအရှင်မြတ်သည် လူသားကို (သားအိမ်နံရံ၌ မျှော့တွယ်သကဲ့သို့) ဖက်တွယ်နေသောအရာ (သွေးဥခဲ) မှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။
  3. (အို၊ ရစူလ်တမန်တော်)အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်၊ အလွန်ရက်ရောစွာ ပေးကမ်းချီးမြှင့်တော်မူသောအရှင်မြတ် (က ချမှတ်ပေးတော်မူသမျှ) အမိန့်တော်များကို ရွတ်ဖတ်လော့။
  4. ထိုအရှင်မြတ်သည် (လူသားအား) ကလောင်တံအားဖြင့် သွန်သင်သင်ကြားစေတော်မူ၏။
  5. ထိုအရှင်မြတ်သည် လူသားတို့အား သူတို့ မသိနားမလည်သောအရာများကို သင်ကြားပေးစေတော်မူ၏။
  6. မှတ်ယူကြလော့၊ (လူသားအတွက် အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်အားလုံးကို ဖြစ်စေတော်မူ သော်ငြားလည်း) ဧကန်မလွဲ၊ လူသားသည် ထိန်းမနိုင်သိမ်းမရလောက်အောင် (အရှင်မြတ်က သတ်မှတ်ထားတော်မူသည့် စည်းဘောင်များကို ချိုးဖောက်၍) အာခံဖီဆန်လေ့ရှိ၏။
  7. လူသားသည် (အရှင်မြတ်၏ကရုဏာအပေါ် မှီခိုရန် မလိုအပ်ဟု ယူဆလျက် သူ့ကိုယ်သူ) လိုလားတောင့် တမှုကင်းမဲ့၍ ကုံလုံပြည်စုံသူဟု ထင်မြင်ယူဆနေ၏။
  8. ဧကန်မလွဲ၊ (လူသားအားလုံးသည် စီရင်စစ်ဆေးခြင်းခံရ၍ စာရင်းရှင်းစေတော်မူရန်) ပြန်လည် ဦးလှည့် ရမည်မှာလည်း အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်သို့သာလျှင် ဖြစ်၏။
  9. (အို၊ ရစူလ်တမန်တော်) အသင်သည် ဟန့်တားနှောက်ယှက်၍ တားမြစ်သူအား မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။
  10. (အလ္လာဟ်အရှင်မြတ်၏အမှုတော်ဆောင်) အစေခံတစ်ပါးအား သူသည် ဆွလသ်ဝတ်ပြုသောအခါဝယ်။
  11. (အို၊ ရစူလ်တမန်တော်) သူသည် ဧကန်ပင်၊ တရားလမ်းမှန်ပေါ်၌ ရပ်တည်နေကြောင်းကို (သူ၏ရပ် တည်ချက်အတိုင်းပင် အခြေအနေမှန်ကို) မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။
  12. သို့တည်းမဟုတ် သူသည် သက္ကဝါ (အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) ဖြစ်ခြင်းဖြင့် (လူတို့အား အမှန်တရားအတွက်) အလေးအနက် တိုက်တွန်းသည်ကိုလည်း။
  13. (အို၊ ရစူလ်တမန်တော်) အသင်သည် (အရှင်မြတ်၏အမိန့်တော်များနှင့်တမန်တော်မြတ်ကို) မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ပြီး (အမှန်တရားနှင့်ယုံကြည်မှုမှ) မျက်နှာလွှဲ ကျောခိုင်းသူအား မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။
  14. ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူက (ဆွလာသ်ဝတ်ပြုသူအား ဟန့်တားနှောက်ယှက်၍ တားမြစ် နေသည်ကို) တွေ့မြင်တော်မူကြောင်း ထိုသူ မသိလေသလော။
  15. မှတ်ယူလော့။ (အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူ၏။) အကယ်၍ ထိုသူသည် (သူ့အပြုအမူကို) ရပ်တန်းက မရပ်တန်းခဲ့သော်၊ ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (သူ၏နဖူးပေါ်ဝဲကျနေသော) ဦးစွန်းဖုတ်မှ ဆွဲကိုင်၍ ဖမ်းဆီးအရေးယူတော်မူမည်။
  16. ထိုဦးစွန်းဖုတ်သည်ကား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခြင်းနှင့်ပြစ်မှုကျူးလွန်ခြင်းကို ဖြစ်သော အရာပင် ဖြစ်၏။
  17. သို့ဖြစ်ပေရာ သူသည် (သူ့အကူအညီအတွက် သူ့ရဲဘော်ရဲဘက်များအား) အရေးပေါ်ညီလာခံအတွက် ဆင့်ခေါ်ပါစေ။
  18. ငါအရှင်မြတ်သည်လည်း မကြာမီ ငရဲစောင့်ကောင်းကင်စေတမန်တို့ကို ဆင့်ခေါ်တော်မူ (အရေးယူစေတော်မူ) မည်။
  19. (အရှင်မြတ်၏အရေးယူတော်မှုမှ မည်သည့်နည်းနှင့်မျှ ရှောင်ပြေးနိုင်မည်မဟုတ်ကြောင်း) မှတ်ထားလော့။ (အို၊ ရစူလ်တမန်တော်) အသင်သည် (ဆွလာသ်ဝတ်ပြုခြင်းအား) ဟန့်တားနှောက်ယှက်၍ တားမြစ်ရန် ကြိုးစားသူကို ဂရုမစိုက် အလေးမထားဘဲ (အလ္လာဟ်အရှင်မြတ်အား) ပျပ်ဝပ်ဦးချပြီး (အရှင်မြတ်အပါးတော် သို့) ချဉ်းကပ်လော့။