92.The Night

  1. (ငါအရှင်မြတ်သည် မြေကမ္ဘာအား ယင်း၏အမှောင်ထုဖြင့်) လွမ်းမိုးဖုံးအုပ်စေသော ညကို သက်သေထူတော်မူ၏။
  2. ထို့ပြင် (ငါအရှင်မြတ်သည် မြေကမ္ဘာအား နေထွက်သည့်အခါ ယင်း၏အလင်းဖြင့်) တောက်ပထင်ရှားစေသောနေ့ကို သက်သေထူတော်မူ၏။
  3. ထို့ပြင် (အရှင်မြတ်၏ခံညားထည်ဝါမှုကို ထင်ရှားစေတော်မူလျက် အရာခပ်သိမ်း၌ (အကောင်း၊ အဆိုး၊ အပေါင်း၊ အနုတ်၊ လိင်ဖို၊ လိင်မ၊ အဖို၊ အမစသည်ဖြင့်) ဒွယံဒွယံ ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်ကို သက်သေထူတော်မူ၏။
  4. ဧကန်စင်စစ်၊ သင်တို့၏ကြိုးပမ်း အားထုတ်ဆောင်ရွက်မှုများသည် (သင်တို့၏စိတ်ဝင်စားမှုနှင့်ရည်ရွယ်ချက်ပန်းတိုင်ပေါ်မူတည်၍) အမျိုးမျိုး၊ အထွေထွေ၊ ကွဲပြားခြားနားလေ့ရှိ၏။
  5. သို့ဖြစ်ပေရာ (အရှင်မြတ်က သူ့အတွက် ပေးအပ်တော်မူသည့် ဥစ္စာဓနပိုင်ဆိုင်မှုများမှ အရှင်မြတ်ကျေနပ်နှစ်မြို့မှုအတွက်) စွန့်လှူပေးကမ်းလှူဒါန်းပြီး အရှင်မြတ်အား စိုးရွံ့ထိတ်လန့်လျက် အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူလည်း ရှိ၏။
  6. ထို့ပြင် (ယုံကြည်မှု၊ လုပ်ရပ်၊ အပြုအမူအပြောအဆိုနှင့်ဆုလဒ်ရယူရာတွင် အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်းကို နှလုံးသွင်းလျက်) အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံခြင်းဖြင့် (အရှင်မြတ်အား ယုံကြည်ခြင်းကို အခိုင်အမာပြောဆိုထောက်ခံ၏။)
  7. သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား (လွယ်ကူစွာ စီရင်စစ်ဆေးတော်မူ၍ ပြစ်ဒဏ်မှ လွတ်မြောက်စေမည့်) လွယ်ကူသော လမ်းစဥ်အတွက် ချောမောလွယ်ကူမှုကို ဖြစ်စေတော်မူမည်။
  8. သို့ရာတွင် (အရှင်မြတ်က သူ့အတွက် ပေးအပ်တော်မူသည့် ဥစ္စာဓနပိုင်ဆိုင်မှုများမှ အရှင်မြတ်ကျေနပ်နှစ်မြို့မှုအတွက်) ပေးကမ်းလှူဒါန်းခြင်း မပြုဘဲ) တွန့်တိုစေးနဲပြီး (အရှင်မြတ်၏ကရုဏာအပေါ် မှီခိုရန် မလိုအပ်"" ဟု ယူဆလျက် သူ့ကိုယ်သူ) လိုလားတောင့်တခြင်း ကင်းမဲ့သည်ဟု ထင်မှတ်သူလည်း ရှိ၏။
  9. ထို့ပြင် ထိုသူသည် (ယုံကြည်မှု၊ လုပ်ရပ်၊ အပြုအမူအပြောအဆိုနှင့်ဆုလဒ်ရယူရာတွင် အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်းကို အလေးမထားဘဲ) အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံခြင်းနှင့်စပ်လျဥ်း၍ မဟုတ်မမှန် လိမ်လည်စွပ်စွဲလျက် (အမှန်တရားကို) ငြင်းပယ်လေ့ရှိ၏။
  10. သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား (ခက်ခဲသော စီရင်စစ်ဆေးမှုဖြင့် ရေးယူတော်မူ၍ ပြစ်ဒဏ်ခံစားစေမည့်) ခက်ခဲသောလမ်းစဉ်အတွက် ချောမောလွယ်ကူမှုကို ဖြစ်စေတော်မူမည်။
  11. ထို့ပြင် ထိုသူသည် (သင်္ချိုင်းတွင်းထဲသို့ ကျဆုံး) ကျရောက်လေသောအခါ သူ၏ဥစ္စာဓနပိုင်ဆိုင်မှုများသည် သူ့အတွက် မည်သို့မျှ အသုံးဝင် အရာရောက်လိမ့်လိမ့်မည် မဟုတ်ပေ။
  12. ဧကန်မလွဲ၊ (အရှင်မြတ်၏လမ်းစဉ်တော်နှင့်ဘဝဆောက်တည်လိုသူတို့အတွက်) တရားလမ်းမှန် ညွှန်ပြ ချီးမြှင့်ခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်၏။
  13. ထို့ပြင် ဧကန်မလွဲ၊ တမလွန်လောကကိုလည်းကောင်း၊ ဤမျက်မှောက်လောကီဘဝကိုလည်းကောင်း၊ ငါအရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။
  14. သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သင်တို့အား အရှိန်ပြင်းစွာ ဟုန်းဟုန်းတောက်လျက်ရှိသော (ငရဲ) မီးနှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်တော်မူခဲ့ပြီးဖြစ်၏။
  15. ယင်း (ငရဲမီးထဲ) သို့ အလွန်ကောက်ကျစ်စဉ်းလဲ၍ ယုတ်မာသောသူများမှအပ (အခြား မည်သူ့ကိုမျှ) ဝင်ရောက်စေ၍) လောင်ကျွမ်းစေလိမ့်မည် မဟုတ်ပေ။
  16. ထိုသူသည် (အရှင်မြတ်၏အမိန့်တော်များနှင့်တမန်တော်ကို) မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ပြီး (အမှန်တရားနှင့်ယုံကြည်မှုမှ) မျက်နှာလွှဲ ကျောခိုင်းခဲ့လေ၏။
  17. သို့ရာတွင် (အလ္လာဟ်အရှင်မြတ်အား) အလွန်ကြောက်ရွံ့ရိုသေ၍ မနာခံဖီဆန်မှုမှ အလှမ်းဝေးသောသူ (ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံ၍ ဘဝဆောက်တည်သူ) သည်ကား ယင်း (ငရဲမီး) မှ ဖယ်ရှားရှောင်ဝေးစေခြင်းခံရပေလိမ့်မည်။
  18. ထို (အရှင့်ကို သိစိတ်မပြတ် ထားလျက် ဘဝဆောက်တည်) သူသည် (အရှင်မြတ်ပေးအပ်တော်မူထားသော) သူ၏ဥစ္စာဓနပိုင်ဆိုင်မှုများကို (အရှင်မြတ်၏ကျေနပ်နှစ်မြို့အတွက်) ပေးကမ်းလှူဒါန်း၍ သူ့ကိုယ်သူ သန့်ရှင်းစင်ကြယ်စေလေ့ရှိ၏။
  19. ထိုသူသည် မည်သူ တစ်ဦးတစ်ယောက်၏ကျေးဇူးဖြင့် ဂုဏ်ပေးမှုကိုမျှ (သူ့ပေးကမ်းလှူဒါန်းမှု၏) အကျိုးဆုလဒ်အဖြစ် ပေးဆပ်ခံရရန် မမျှော်လင့် (မမျှော်ကိုးဘဲ စွန့်လှူပေးကမ်းလှူဒါန်း) ခြင်းသာ ဖြစ်၏။
  20. သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်၊ အကြီးကဲအမြင့်မြတ်ဆုံး ဖြစ်တော်မူသောအရှင်မြတ်၏နှစ်သက်ကျေနပ်မှုကို ရယူရန်သာ (မျှော်ကိုး တောင့်တလျက် ပေးကမ်းလှူဒါန်းခြင်း) ဖြစ်၏။
  21. စင်စစ် ထိုသူသည် မကြာမီ အမှန်ပင် (သူက အရှင့်အမိန့်တော်နှင့်အညီနာခံလိုက်နာခြင်း၌ တင်းတိမ်ရောင့်ရဲသောကြောင့် အရှင်မြတ်ကလည်း သူ့ကို ကျေနပ်နှစ်သက်တော်မူမည်ဖြစ်၍) အားရကျေနပ် လိမ့်မည် ဖြစ်၏။